I think I'm being surveilled

လတ်တလောတွင် အရပ်ဘက်လူ့အဖွဲ့အစည်းဝန်းကျင်မှ လှုပ်ရှားသူများကို စောင့်ကြည့်ထောက်လှမ်းသည့် အမှုများစွာ ပေါက်ပေါက်လာသည်ကို မြင်တွေ့ရသည်။ နိုင်ထက်စည်းနင်းပြုသူ အိမ်ထောင်ဖက်ပါတနာမှ ခြေရာခံဆော့ဖ်ဝဲများ သုံးခြင်း၊ ကော်ပိုရေးရှင်းများမှ ၎င်းတို့၏ ဝန်ထမ်းများအား စောင့်ကြည့်ထောက်လှမ်းခြင်းတို့မှသည် နိုင်ငံအဆင့်ကျယ်ပြန့်သော စောင့်ကြည့်ထောက်လှမ်းမှုများနှင့် တက်ကြွလှုပ်ရှားသူများ၊ စာနယ်ဇင်းသမားများအား ပစ်မှတ်ထားသည့် စုံစမ်းထောက်လှမ်းရေးဆော့ဖ်ဝဲကမ်ပိန်းများအထိ ပါဝင်နိုင်သည်။ စောင့်ကြည့်စုံစမ်းသည့် နည်းလမ်းများနှင့် အဖြစ်အပျက်များ များပြားစွာရှိသည့်အတွက် စောင့်ကြည့်ထောက်လှမ်းမှု၏ အစိတ်အပိုင်း အားလုံး၊ အထူးသဖြင့် အရေးပေါ်ထောက်ပံ့ကူညီမှုပေးရန်လိုအပ်နိုင်မည့် အခြေအနေအရပ်ရပ်ကို ခြုံငုံနိုင်ရန် မဖြစ်နိုင်ပါ။

သို့ပေမဲ့လည်း ဤလုပ်ငန်းစဉ်တွင် ဒစ်ဂျစ်တယ်နယ်ပယ်၌ အတွေ့များသည့် ကိစ္စများ၊ သုံးစွဲသူ၏ စက်ကိရိယာနှင့် အွန်လိုင်းအကောင့်များတွင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် ကိစ္စများကို အဓိကထား ရှင်းလင်းသွားပါမည်။ ဖြစ်နိုင်ခြေရှိသည့် အဖြေမရှိပါက အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်မည်မဟုတ်သောကြောင့် အသေးစိတ်ဖော်ပြသွားမည်မဟုတ်ပါ (ထိုအစား ရည်ညွှန်းကိုးကားချက်ရန် ရင်းမြစ်များကို ဝေမျှသွားပါမည်)။

ဤလုပ်ငန်းစဉ်တွင်မပါသည့် ကိစ္စအချို့မှာ

  • ကိုယ်တိုင်ရာရောက် စောင့်ကြည့်ထောက်လှမ်းခြင်း - သင်သည် ကိုယ်တိုင်ရာရောက် စောင့်ကြည့်စုံစမ်းခြင်း၏ ပစ်မှတ်ထားခြင်းခံရမည်ကို စိုးရိမ်နေ၍ အကူအညီရယူလိုပါက ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို အဓိကကိုင်တွယ်သည့် အဖွဲ့အစည်းများကို ဒစ်ဂျစ်တယ်ရှေးဦးသူနာပြုလမ်းညွှန် အထောက်အကူစာမျက်နှာ တွင် ဆက်သွယ်နိုင်ပါသည်။
  • အများပြည်သူဆိုင်ရာနေရာများ၊ ကော်ပိုရိတ်နှင့် ပုဂ္ဂလိကနေရာများတို့တွင် CCTV ကင်မရာတို့ကဲ့သို့ ဟာ့ဒ်ဝဲများအသုံးပြုသော ကျယ်ပြန့်သောအလုံးစုံ စောင့်ကြည့်ထောက်လှမ်းမှု mass surveillance
  • အင်တာနက်အဆက်သွယ်မရှိဘဲ သုံးနိုင်သော ထောက်လှမ်းရေး ဟာ့ဒ်ဝဲကိရိယာများ

ဒုတိယရှင်းလင်းချက်တစ်ခုမှာ ယခုခေတ်တွင် ကျွန်ုပ်တို့အားလုံးသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် အနည်းနှင့်အများ စောင့်ကြည့်ထောက်လှမ်းခြင်း ခံနေရသည် ဆိုခြင်းဖြစ်သည်။

  • မိုဘိုင်းဖုန်း ဆက်သွယ်ရေးအဆောက်အဦများသည် ကျွန်ုပ်တို့အကြောင်းသတင်းအချက်အလက်များကို အဆမတန် များပြားစွာစုစည်းကောက်ယူနိုင်သည်။ ယင်းဒေတာများမှတစ်ဆင့် ကျွန်ုပ်တို့၏ တည်နေရာ၊ အဆက်အသွယ်ကွန်ယက် စသည့် အသေးစိတ်အချက်အလက်များကို အခြားသူများမှ သိရှိရယူအသုံးပြုနိုင်သည်။
  • ဆိုရှယ်မီဒီယာကွန်ယက်နှင့် အီးမေးလ်ဝန်ဆောင်မှုပေးသူများသည်လည်း ကျွန်ုပ်တို့အကြောင်း သတင်းအချက်အလက်များကို အဆမတန် များပြားစွာစုစည်းကောက်ယူနိုင်သည်။ ယင်းဒေတာများကိုအသုံးပြု၍ ကြော်ငြာကမ်ပိန်းစသည်တို့မှ ကျွန်ုပ်တို့တင်ခဲ့သည့် ပို့စ်များ၊ တိုက်ရိုက်ပြောဆိုသည့် မက်ဆေ့ချ်များမှ အကြောင်းအရာများနှင့် ဆက်စပ်သည့် ကြော်ငြာများကို ပြသနိုင်သည်။
  • ကျွန်ုပ်တို့သည် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်သည့်အခါ ထွက်ရှိလာသော သတင်းအချက်အလက်များကို ကောက်ခံ၍ ကျွန်ုပ်တို့ မည်သူမည်ဝါ ဖြစ်သည်ဆိုသည့် identity နှင့်ချိတ်ဆက်အသုံးပြုသည့် စနစ်များကို အသုံးပြုလာကြသော နိုင်ငံများ ပိုပို၍များလာပါသည်။ ထို့ကြောင့် အခွန်အကောက်၊ ကျန်းမာရေး စသည့်စနစ်အမျိုးမျိုးတွင် ကျွန်ုပ်တို့တောင်းခံသော သတင်းအချက်အလက်များကို အခြေခံ၍ ကျွန်ုပ်တို့အကြောင်း ရုပ်လုံးပေါ်သည့် "ပရိုဖိုင်း" များတည်ဆောက်နိုင်စေပါသည်။

ယခုဖော်ပြခဲ့သော ကျယ်ပြန့်သောအလုံးစုံ စောင့်ကြည့်ထောက်လှမ်းမှု mass surveillance ဥပမာများသာမက ပစ်မှတ်ထားစောင့်ကြည့်သော လုပ်ငန်းများ ယခင်ကထက်ပိုမိုလုပ်လာကြသည့်အတွက် ကျွန်ုပ်တို့ အားလုံး (အထူးသဖြင့် တက်ကြွလှုပ်ရှားမှုဆောင်ရွက်သူများ) သည် စောင့်ကြည့်ထောက်လှမ်းခြင်းခံနေရသည်ဟု ခံစားရမှု ပိုမိုမြင့်တက်လာစေပါသည်။ ဤသို့ဖြစ်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်သောကရောက်မှု အလွန်အကျူးဖြစ်ပေါ်စေ၍ အမှန်တကယ်ရင်ဆိုင်ရလာနိုင်သည့် ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်ရန် လိုအပ်သော စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်ပါသည်။ သို့ရာတွင် မိမိတို့၏ အန္တရာယ်ဖြစ်နိုင်ခြေ ပရိုဖိုင်း၊ လုပ်ကိုင်သည့်အလုပ်အကိုင်၊ မိမိကိုဆန့်ကျင်သူအနှောင်အယှက်များ၏ စွမ်းဆောင်ရည်တို့အပေါ်မူတည်၍ အမှန်တကယ်ပင် စောင့်ကြည့်ထောက်လှမ်းခံနေရနိုင်ကြောင်း ခိုင်မာစွာ သံသယဖြစ်နိုင်ဖွယ် အချို့အခြေအနေများလည်း ရှိနိုင်သည်။ အမှန်တကယ် သံသယဖြစ်စရာ အခြေအနေဟု ယူဆပါက ရှေ့ဆက်ဖတ်ရှုပါ။

တတိယရှင်းလင်းချက်အနေဖြင့် စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းများ (အထူးသဖြင့် ပစ်မှတ်ထား လုပ်ဆောင်မှုများ) သည် ကျူးလွန်ခံရသူများမှ မြင်တွေ့နိုင်သည့် သဲလွန်စခြေရာ ကျန်ခဲ့လေ့မရှိသောကြောင့် စုံစမ်းဖော်ထုတ်ရန်အလွန်ခက်ခဲစေ၍ တစ်ခါတစ်ရံတွင် လုံးဝခြေရာခံစုံစမ်း၍ မရနိုင်ပါ။ ဤလုပ်ငန်းစဉ်ကို လေ့လာသည့်အခါ ဤအချက်ကို သတိပြုပါ။ သင်ကြုံတွေ့နေရသော ပြဿနာသည် ဤလုပ်ငန်းစဉ်တွင် မပါဝင်ပါ သို့မဟုတ် ဤလုပ်ငန်းစဉ်တွင် ဖော်ပြထားသည်ထက် ပို၍ရှုပ်ထွေးသည်ဟု ယူဆပါက လုပ်ငန်းစဉ်၏ နောက်ဆုံးအပိုင်းတွင် ဖော်ပြထားသော အဖွဲ့အစည်းများထံ ဆက်သွယ်ကြည့်ပါ။

နောက်ဆုံးအချက်အနေဖြင့် စောင့်ကြည့်ထောက်လှမ်းရေး ကြိုးပမ်းမှုများသည် ကျယ်ပြန့်၍ အလုံးစုံပါဝင်နိုင် သလို ပစ်မှတ်ထားလုပ်ဆောင်မှုလည်း ဖြစ်နိုင်သည်ဆိုသည်ကို သတိပြုပါ။ ကျယ်ပြန့်၍ အလုံးစုံပါဝင်သော mass surveillance လုပ်ငန်းများသည် ပလက်ဖောင်းတစ်ခုမှ သုံးစွဲသူအားလုံး၊ ဒေသတစ်ခုမှ လူအားလုံး စသည်ဖြင့် လူထုတစ်ရပ်လုံး သို့မဟုတ် လူထုတစ်ရပ်လုံး၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုကို ခြုံငုံ၍ စောင့်ကြည့်ထောက်လှမ်းခြင်းဖြစ်သည်။ နည်းပညာကို ပိုမိုအားကိုးလေ့ရှိ၍ လူတစ်ဦးခြင်း သို့မဟုတ် လူနည်းစုကို ပစ်မှတ်ထားသော စောင့်ကြည့်ထောက်လှမ်းမှုထက် အန္တရာယ်နည်းလေ့ရှိသည်။ ပစ်မှတ်ထား စောင့်ကြည့် ထောက်လှမ်းမှုသည် ရင်းမြစ် (ငွေ၊ အချိန်၊ စွမ်းဆောင်ရည်) များစွာ လိုအပ်သည့်အတွက် လူတစ်ဦးတစ်ယောက်၏ လှုပ်ရှားမှုများနှင့် ဆက်သွယ်ပြောဆိုမှုများကို စောင့်ကြည့်ရန် အင်အားစိုက်ထုတ်သည့် ရည်ရွယ်ချက်အပေါ်မူတည်၍ mass surveillance ထက်ပို၍ အန္တရာယ်များနိုင်ပါသည်။

သင်သည် စောင့်ကြည့်ထောက်လှမ်းခြင်းခံနေရသည်ကို ပြသသော သဲလွန်စများတွေ့ထားပါက ဆန်းစစ်မှုလုပ်ငန်းစဉ်ကို စတင်ရန် ခလုပ်ကိုနှိပ်ပါ။